နေရာတိုင်းမှာ၊ လုံခြုံရေးလိုနေတယ်ဆိုတာ၊ ခင်ဗျားပုံဖေါ်ကြည့်ဖူးပါသလား?

Security Everywhere

ဒီနေ့ခေတ်ကို၊ သီအိုရီအရ နည်းပညာခေတ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့်၊ နည်းပညာဆိုတာဘာတွေလဲ? လူတွေက နည်းပညာလို့ပြောလိုက်တာနဲ့ ကွန်ပြူတာတွေ၊ ၀က်ဘ်ဆိုဒ်တွေ၊ ကွန်ယက်ချိတ်ဆက်မှုတွေ၊ ပရိုဂရမ်တွေကိုပဲ မြင်ကြပါတယ်။ နည်းပညာဆိုတာ အဲဒီထက်ပိုပါတယ်။ ကွန်ပြူတာ –တွက်ချက်မှုများစွာကို အချိန်နဲ့အမျှအမြန်ဆုံးတွက်ချက်၊ အဖြေထုတ်ပေးပါတယ်။ ၀က်ဘ်ဆိုဒ် –အချက်အလက်တွေရှာဖွေဖို့ ကျွန်တော်တို့သုံးလေ့ရှိကြတယ် — ၎င်းက သိပ္ပံပညာရှင်တွေ၊ အချင်းချင်း စမ်းသပ်မှုတွေ ဖလှယ်ဖို့ နည်းလမ်းတွေ ရှာဖွေရင်းက အစပြုခဲ့တာလို့ ပြောနိုင်ပါတယ်။ ကွန်ယက်ချိတ်ဆက်မှု — ဟုတ်ပါတယ်၊ အချက်အလက်တွေ အမြန်ဆုံးဖလှယ်နိုင်ဖို့၊ ဆက်သွယ်ရေးစနစ် ကောင်းကောင်းတစ်ခုလိုတာပေါ့။ ပရိုဂရမ် — အစီအစဉ်လို့ ဘာသာပြန်နိုင်ပါတယ် — ၎င်းက၊ အစီအစဉ် နံပါတ်တစ်ခုပြီးရင်နောက်တစ်ခုကဘာဖြစ်မယ်၊ တကယ်လို့များ၊ အစီအစဉ်တစ်ခုရဲ့ နောက်ဆက်တွဲက၊ သတ်မှတ်မှုတစ်ခုခုနဲ့ ကိုက်ညီတယ်ဆိုရင်၊ အစီအစဉ် နံပါတ်ဘယ်လောက်ကို စတင်မယ်၊ အဲလိုမဟုတ်ရင်တော့ အစီအစဉ်နံပါတ်ဘယ်လောက်ကို၊ စတင်ရမယ် စတဲ့၊ အစီအစဉ်တွေကို ဆက်တိုက်လုပ်ဆောင်နိုင်ဖို့ ကြိုတင်အစီအစဉ်ချထားတဲ့ ကြားခံတစ်ခုပါပဲ။
ဒါဆို၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ တွေးရမှာ နည်းပညာဆိုတာကိုပေါ့။ ကွန်ပြူတာတွေ၊ ကွန်ယက်တွေ၊ ၀က်ဘ်တွေ နဲ့ ပရိုဂရမ်တွေက ဘာအတွက် ပေါ်ပေါက်လာတာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ? ဟုတ်ပါတယ်၊ မိနစ်တိုင်းမှာ၊ မျက်စိတစ်မှိတ်တိုင်း ပြောင်းလဲနေတဲ့ တိုးတက်မှုနဲ့အတူ တွေ့ကြုံလာရတဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို၊ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို တည်ဆောက်ပြီး၊ အသုံးပြုလာကြပါတယ်။
ကွန်ပြူတာဆိုတာကိုတွေးကြည့်ရအောင်၊ — လက်နှိပ်စက်တစ်လုံးကို စွဲစွဲလမ်းလမ်းသုံးနေတဲ့ စာရေးဆရာအဖိုးက၊ မြေးလုပ်သူ မင်းမောင်မောင်ကို “မြေးရေ၊ မင်းပြောပြောနေတဲ့ ကွန်ပြူတာက ငါ့ လက်နှိပ်စက်နဲ့ ဘာများ ကွာခြားလို့လဲကွာ၊ လက်ကွက်ပုံစံကိုက ငါ့ ဘော်ဒါကြီး ကို အတုယူထားတာပါကွာ” လို့မေးခဲ့ပါတယ်။ — ခင်ဗျားဆိုရင်ရော၊ ဘာပြန်ဖြေမလဲ “ဟုတ်ကဲ့၊ ကျွန်တော့ ကွန်ပြူတာက၊ လက်နှိပ်စက်ထက်သာတယ်၊ သူက၊ လက်နှိပ်စက်အပြင် တီဗွီတစ်လုံးပါတယ်ဗျ” လို့တော့ ခင်ဗျားမဖြေလောက်ပါဘူးနော်?– “ကွန်ပြူတာက တွက်ချက်မှု ပရိုဂရမ်တွေပါတယ်ဗျ၊ အဖိုး ခေါင်းထဲမှာ၊ စာရွက်ပေါ်မှာ တွက်ချက်မှုတွေလုပ်ပြီး၊ လက်နှိပ်စက်ကြီးနဲ့ စာရိုက် ပြီးတော့၊ ဖိုင်ကြီးတွေ၊ ဘီဒိုကြီးတွေနဲ့ ရိုက်ထားတဲ့စာတွေသိမ်း၊ အဲဒီအထဲက၊ လိုအပ်တာကို ပြန်ရှာဖို့၊ တစ်နေ့လုံးအချိန်ယူရတာမျိုးမဟုတ်တော့ဘူး၊ စာရိုက်တာ၊ ရိုက်ဖို့ ကိန်းဂဏန်းတွေ၊ စာလုံးရေတွေ စသဖြင့်တွေကို ရိုက်နေရင်းတစ်ခါထဲ၊ တွက်ချက်နိုင်ပြီး၊ ရိုက်ထားတဲ့ အချက်အလက်တွေကို သိမ်းဖို့၊ ဘီဒိုကြီးတွေ၊ ဖိုင်ကြီးတွေမလိုတော့ဘူး၊ လိုအပ်တာပြန်ရှာမယ်ဆိုရင်လဲ ရှာဖွေရေး ပရိုဂရမ်တွေပါတယ်၊ ပြီးတော့၊ အဖိုးရေ၊ ကာဗွန်လည်း ခဏခဏလည်းဖို့မလိုတော့ဘူးလေဗျ။ အရေးကြီးတဲ့၊ လုံခြုံရေးနည်းလမ်းကိုလည်း၊ အဖိုးကိုယ်တိုင်ပုံစံချပြီး၊ လွယ်လွယ်လေး အသုံးပြုနိုင်တယ်ဗျ၊ ဥပမာ – အဖိုး အချိန်ကုန်ခံပြီးရိုက်ထားတဲ့ အချက်အလက်တွေကို၊ မပျောက်သွားအောင်၊ ပျက်စီးမသွားအောင်၊ အလွယ်လေး ပုံတူပွားပြီး၊ တခြားတစ်နေရာရာမှာ သိမ်းထားနိုင်သေးတယ်၊ အရံထားရှိခြင်း (back up) လို့ခေါ်တယ်ဗျ” မြေးကဖြေခဲ့ပါတယ်။ အခု၊ အဖိုးက ကွန်ပြူတာ စတင်သုံးဖို့ စဉ်းစားခဲ့ပါတယ်။
ဒါပေမယ့်၊ အဖိုးက “backup ဟုတ်လား?” အဖိုးခေါင်းထဲမှာ စဉ်းစားစရာနည်းနည်းရှိလာပါပြီ။ “ဘာလို့ အရံထားတာလဲ၊ မင်းတို့ ကွန်ပြူတာ ဆိုတာ၊ ငါ့ သံဘီဒိုကြီးတွေလောက် စိတ်မချရဘူးလားကွ?” မြေးလုပ်သူလဲတော်တော်စဉ်းစားရ ခက်သွားပါတယ်။ ဒါပေမယ့် မြေးက– မဆိုင်းမတွပဲ —
“အဖိုးရေ၊ လုံခြုံရေးအတွက်ပါ။ အဖိုးပြောတဲ့ သံဘီဒိုကြီးကိုပဲ စဉ်းစားကြည့်ပါ၊ အဖိုးရဲ့ အချက်အလက်တွေကို သံဘီဒိုကြီးထဲမှာ၊ သော့ကြီးကြီးခတ်ပြီးသိမ်းထားပေမယ့်၊ အဖိုးရဲ့ ပြိုင်ဖက်တစ်ဦးက၊ စာမှုပို့ဖို့ ရက်ချိန်းနီးမှ အဖိုးသံဘီဒိုသော့ကို ဖျက်ဆီးပြီး၊ အဖိုးရဲ့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ရေးထားတဲ့ စာမှုတွေ၊ သီအိုရီတွေ၊ အဖိုးဉာဏ်ကွန့်မြူးထားတဲ့ အရေးအသားတွေကို၊ ခိုးယူသွားမယ်၊ ဒါမှမဟုတ်၊ ဖျက်စီးခဲ့မယ်ဆိုရင်၊ အဖိုးက၊ သံဘီဒိုကြီးရှေ့မှာ၊ စိတ်ဓါတ်ကျစွာနဲ့ ထိုင်မှိုင်နေပြီး၊ အဖိုးရဲ့ဖန်တီးမှုတွေအားလုံး ဆုံးရှုံးသွားပြီလို့၊ သိတဲ့အချိန်၊ ပြန်ရနိုင်မယ့် နည်းလမ်းလေးများ ရှိမလားလို့ မျှော်လင့်မိလာပါလိမ့်မယ်။ တကယ်လို့သာ၊ ပုံတူပွားထားခဲ့ရင် ဆိုတဲ့ အတွေးတွေ တွေးမိလာမယ်၊ ဆိုတာ ကျွန်တော်သေချာပြောနိုင်တယ်။” လို့ မင်းမောင်မောင်က သွက်လက်စွာရှင်းပြခဲ့ ပါတယ်။
ဒါပါပဲ၊ ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့၊ ပတ်ဝန်းကျင်ကလည်း၊ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်တစ်ခုပါပဲ။ ကျွန်တော်တို့ ကာကွယ်ချင်တာ တွေ၊ ဆုံးရှုံးမှာကြောက်ကြတာတွေ၊ နောက်ကြောင်းပြန်လှည့်ဖို့ ၀န်လေးကြတာတွေ၊ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို တန်ဖိုးထားကြရတာတွေ စတဲ့၊ အကြောင်းအမျိုးမျိုးတွေက၊ ကျွန်တော်တို့ အတွေးတွေထဲမှာ၊ လုံခြုံရေးဆိုတဲ့ စကားလုံးကို ထင်ရှားလာစေပါတယ်။
လုံခြုံရေးဆိုတာ၊ မလိုအပ်သေးပါဘူး၊ ငါ့ကိုတော့ ဘယ်သူမှ အချိန်ကုန်ခံပြီး၊ အားနည်းချက်ရှာနေမှာမဟုတ်ဘူးလို့ခင်ဗျားတွေးရင်၊ ခင်ဗျားနေ့စဉ်ဘာလို့ အ၀တ်အစားတွေဝတ်တာလဲ၊ ခင်ဗျား ရုံးစားပွဲခုံကို၊ ခင်ဗျားရုံးဆင်းရင် ဘာလို့ သော့ခတ်ခဲ့တာလဲ၊ ခင်ဗျားအိမ်မှာမရှိတဲ့ အချိန်မှာရော၊ ဘာလို့ အိမ်တံခါးကို သော့ခတ်တာလဲ၊ ခင်ဗျား အပြင်သွားရင်ဘာလို့ ဖိနပ်စီးသွားတာလဲ၊ နေပူရင် သို့မဟုတ် မိုးရွာရင် ဘာလို့ ထီးဆောင်းကြတာလဲ၊ ခင်ဗျားနေပူစာလုံရင်တောင်၊ ဘာလို့ နေလောင်ခံကရင်တွေ လိမ်းတာလဲ၊ ဘာလို့နေကာမျက်မှန်တွေ တပ်ထားတာလဲ၊ ခင်ဗျားသွားနေတဲ့လမ်းမှာ၊ ဖြတ်သွားတဲ့ကားရဲ့ မီးခိုးငွေ့တွေ ကျန်ခဲ့ရင်၊ ခင်ဗျား နှာခေါင်းနဲ့၊ ပါးစပ်ကို ဘာလို့အုပ်လိုက်တာလဲ၊ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားကြည့်ပေးပါ။ ခင်ဗျားရဲ့ အိမ်နီးချင်းက၊ ခင်ဗျား အိမ်က ကြိုးမဲ့ကွန်ယက်ထုတ်လွှင့်ထားတာကိုမြင်ရင်၊ သူပထမဆုံး စဉ်းစာတာက၊ ဘာများဖြစ်လိမ့်မလဲလို့ ခင်ဗျားသိချင်စိတ်ဖြစ်ဖူးပါသလား?